Wednesday, January 23, 2013

မရမ်းကုန်းမြို့နယ်အတွင်းရှိ မုန့်ဖုတ်လုပ်ငန်း လုပ်ကိုင်သော နေအိမ်တစ်လုံး မီးလောင်ကျွမ်း

w1-23-11

မရမ်းကုန်းမြို့နယ်၊ ၁ ရပ်ကွက်၊ ၂ လမ်း၊ လမ်းသွယ် ၁ အတွင်းရှိ မုန့်ဖုတ်လုပ်ငန်း လုပ်ကိုင်သော နေအိမ်တစ်လုံး မီးလောင်ကျွမ်းမှု ဇန်န၀ါရီ ၂၃ ရက်၊ မွန်းလွဲ ၁ နာရီခန့်က ဖြစ်ပွားခဲ့သည်။

မုန့်ဖုတ် လုပ်ငန်းတွင်  အသုံးပြုနေသော အင်ဗာတာနှင့် ဂက်စ်အိုးတို့မှတစ်ဆင့် ယခုလို မီးကူးစက် လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

''သူတို့မုန့်ဖုတ်စက်က ဂက်စ် အိုးနဲ့ဖုတ်တာ။ မီးပျက်တဲ့အခါ Power Supply ပေးဖို့ မီးတွေလာဖို့ လျှပ်စစ်ပေးရတယ်။ မီးစက်က အပြင်မှာထားတာ။ မီးစက်နှိုးလိုက်တဲ့အခါ မုန့်ဖုတ်စက်နားမှာရှိတဲ့ အင်ဗာတာ ဘက်ထရီက ရှောခ့်ဖြစ်ပြီး အနီးမှာရှိတဲ့ ဂတ်စ်အိုးကနေ တစ်ဆင့် စပြီး ကူးစက်တာပါ။ ဂတ်စ်အိုးခေါင်းတွေက မလုံတဲ့အခါ အငွေ့လေးတွေ ထွက်နေတော့ ရှော့ခ်ဖြစ်ပြီး မီးပွားနဲ့ ထိတွေ့လောင်တာပါ'' ဟု မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် နေအိမ်တစ်လုံး ပျက်စီးဆုံးရှုံးပြီး စတင်လောင်ကျွမ်းသည်မှ မိနစ် ၂၀ အတွင်း မီးငြိမ်းသွားသည်။

မီးလောင်မှုဖြစ်ပွားစဉ်အနီး ရှိနေသူတစ်ဦး၏ ပြောကြားချက်အရ ဂက်စ်အိုးမှထွက်ရှိသော ဓာတ်ငွေ့များ ရှိုက်မိသဖြင့် မူးဝေသူအချို့ရှိပြီး မီးလောင်ကျွမ်းချိန် မီးဟတ်သဖြင့် ဒဏ်ရာရရှိသူ တစ်ဦးရှိကြောင်း  သိရသည်။

''လမ်းကကျဉ်းတော့ မီးသတ် ကားတွေ ရောက်လာပေမဲ့ အကုန် ၀င်လို့မရဘူး။ တစ်စီးချင်း တန်းစီဝင်ရတယ်၊  ဘေးအိမ်တွေကို ဆက်မကူးတာ ကံကောင်းတယ်။ လူအားက နိုင်သွားလို့''ဟု မီးလောင်မှု ဖြစ်ပွားသော ရပ်ကွက်အတွင်း နေထိုင်သူ အမျိုးသမီးကြီး တစ်ဦးက ဆိုသည်။ မီးလောင်မှု ဖြစ်ပွားရာသို့ မီးသတ်ကား ၃၄ စီး၊ အုပ်ချုပ်မှုယာဉ် နှစ်စီးဖြင့် လာရောက်ငြိမ်းသတ်ခဲ့ကြောင်း သိရသည်။

w1-23-12

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။