Monday, November 26, 2012

 နိုဝင်ဘာလ ၂၁ ရက် ညပိုင်းက မုံရွာမြို့တွင် ကျောက်စိမ်းအရိုင်းတုံး ပိဿာခြောက်ထောင်ကျော် ဖမ်းဆီးရမိခဲ့


နိုဝင်ဘာလ ၂၁ ရက် ညပိုင်းက မုံရွာမြို့တွင် ဖားကန့်မြို့နယ် ဟောင်ပါးဒေသမှ ချင်းတွင်းမြစ်ရိုးအတိုင်း သယ်ယူလာပြီး မန္တလေးမြို့သို့ သယ်ဆောင်လာသော ကျောက်စိမ်းအရိုင်းတုံး ပိဿာခြောက်ထောင်ကျော် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
ဖမ်းဆီးရမိမှုတွင် ပစ္စည်းနှင့် အတူရှိနေသော ကိုယ်စားလှယ် ကိုမင်းနိုင်(၂၉ နှစ်) တောင်ပေါက်ရွာ မင်းကင်းမြို့နယ်အား တာဝန်ရှိသူများက မေးမြန်းစစ်ဆေးရာတွင် ပစ္စည်းပိုင်ရှင်မှာ အောင်နိုင်ဝင်း (တောင်ဘက်ကျေးရွာ၊ မင်းကင်းမြို့ နယ်) ဖြစ်ပြီး နိုဝင်ဘာလ ၁၇ ရက် နေ့တွင် ဖားကန့်မြို့နယ် ဟောင်ပါးမှ ငွေဇင်ထွန်းစက်လှေဖြင့် သယ်ယူခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၁၉ ရက်နေ့တွင် ကလေးဝမြို့သို့ ရောက်ရှိကာ ငွေဇင်ထွန်းစက်လှေ စက်ပျက်၍ ဖြိုးဖြိုးကျော်စက်လှေဖြင့် ဆွေဦး(ခ)ထိုက်ဆွေဦး ၂၇ နှစ် (ဘ-ဦးဌေးဆွေ) ကြွေရွာ၊ မင်းကင်းမြို့နယ်မှ မောင်းပြီး သယ်ဆောင်လာကြောင်း သိရသည်။
“ချင်းတွင်းမြစ်အတိုင်း စက်လှေနဲ့သယ်လာတာ နိုဝင်ဘာလ ၂၁ ရက်နေ့မှာ မုံရွာကိုရောက်ပြီး မုံရွာတောင်ပိုင်းမှာရှိတဲ့ တာဝါတိုင်ဆိပ်ကမ်းကနေ မန္တလေးကို ခြောက်ဘီးယာဉ်နဲ့ သယ်လာတုန်း မုံရွာမြို့မှာပဲ မိတယ်လို့ သိရပါတယ်။ ဖားကန့်ဘက်က ချင်းတွင်းမြစ်ရိုးအတိုင်း ကျောက်စိမ်းတုံးတွေ စုန်ဆင်းတာ ဟိုအရင်နှစ်တွေက ဖြစ်ဖူးပေမယ့် နောက်ပိုင်းမှာ ဖမ်းမိတာ သိပ်မရှိဘူး။ အခုလို ဖားကန့်ဘက်မှာ မငြိမ်မသက်ဖြစ်ချိန်မှာ ဒီလိုဖမ်းမိတာ ကြားရတာပါ” ဟု မုံရွာဒေသခံတစ်ဦးက ပြောပါသည်။
နိုဝင်ဘာလ ၂၁ ရက် ည ၁၀ နာရီခန့်က မုံရွာမြို့ တာဝါတိုင်ဆိပ်မှအတက် တာရိုးပေါ်တွင် ကျောက်စိမ်းအရိုင်းတုံး ပိဿာ ၆၂၄၈ ဒသမ ၅၀ ကို ယာဉ်မောင်းကိုတိုး(ခ) ကျော်မိုးနိုင် ၃၉ နှစ်(ဘ-ဦးလွန်း) နွားထိန်းရပ်၊ မုံရွေးရွာ၊ ချောင်းဦးမြို့နယ် မောင်းနှင်လာသည့် ၂က/၆၀၅၈ ခြောက်ဘီးယာဉ်တွင် ဖမ်းမိ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါအမှုကို မုံရွာအမှတ် (၁) ရဲစခန်းမှ (ပ)၇၁၂/၂၀၁၂၊ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေ ပုဒ်မ ၄၂ (က) အရ အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။