Thursday, September 13, 2012

မဆလ အစိုးရလက်ထက် သိမ်းဆည်းခံ လယ်မြေ ပြန်လည်လုပ်ကိုင်ခွင့် တောင်းဆိုမည်



2012-09-12
ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် လယ်သမားမိသားစု (၅) စုထံက လယ်မြေဧက (၅၀) ကျော်ကို ၁၉၈၈ ခုနှစ် မတိုင်ခင် မဆလ အစိုးရလက်ထက်က မတရား သိမ်းဆည်းခဲ့တာကြောင့် ဒီလယ်မြေတွေ လုပ်ကိုင်စားသောက်ခွင့် ပြန်ပေးဖို့ အဲဒီ လယ်သမားတွေက သမ္မတ ဦးသိန်းစိန်ထံ မနက်ဖြန် စာရေးသား တိုင်ကြားသွားမယ်လို့ သိရပါတယ်။

မဆလအစိုးရ လက်ထက်မှာ တာဝန်ကျေစပါး (၃) နှစ်ဆက်တိုက် မပေးသွင်းနိုင်တဲ့ လယ်မြေတွေကို သိမ်းဆည်းရမယ်ဆိုတဲ့ သတ်မှတ်ချက်အရ သူတို့လယ်မြေတွေကို သိမ်းဆည်းသွားပေမယ့် သူတို့ဘက်က ဥပဒေသတ်မှတ်ချက်ကို မချိုးဖောက်ခဲ့ဘူး လို့ ဒိုက်ဦးလယ်သမားကြီး ဦးရွှေအောင်က RFA ကို ပြောပါတယ်။
"တာဝန်ကျေ စပါးပါ။ နိုင်ငံတော်က အဲဒီရောင်းခိုင်းတဲ့ အချိန်မှာ ကျွန်တော်တို့က ရောင်းပေးပါတယ်။ တင်း ၄၀၀ ကျော်လောက် သတ်မှတ်တာ ကျွန်တော်တို့က ၂၇၀၊ ၂၈၀ လောက် ရောင်းပေးတယ်။ ကျန်တဲ့ဟာက ရှိလည်း မရှိ၊ ထွက်လည်း မထွက်တော့ မရောင်းပေးနိုင်တာဘဲ ဖြစ်တယ်။ အဲဒီလို လျော့လို့၊ မပေးသွင်းနိုင်လို့ဆိုပြီး ကျွန်တော်တို့ လယ်မြေတွေကို လုပ်ပိုင်ခွင့်တွေ ရုပ်သိမ်းပြီးတော့ တခြားလူကို ချလိုက်တာ။ ရွာသားအချင်းချင်းပဲ။ ဘေးလူကို ပြန်ပြီးတော့ လုပ်ခွင့်ပေးလိုက်တာ။ ပြည်သူ့ကောင်စီက။ ကျွန်တော်တို့ကတော့ လယ်ယာလက်မဲ့ ဖြစ်ပြီး ဆင်းရဲ ဒုက္ခရောက်။ လူတစ်ဦး ဒုက္ခရောက်ပြီး လူတစ်ဦး ချမ်းသာအောင် လုပ်တဲ့ပုံစံပါပဲ။ ကျွန်တော်တို့မှာ အခက်ကြုံနေရလို့ နိုင်ငံတော် သမ္မတကြီး သိအောင် တင်ပြရတာ ဖြစ်ပါတယ်"
လယ်သမားကြီး ဦးရွှေအောင်ဟာ ၁၉၈၆ ဝန်းကျင်မှာ လယ်မြေ (၁၂) ဧကကျော် အသိမ်းခံရသူ ဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန်ထံ ပေးပို့တဲ့စာမှာ လယ်မြေ အသိမ်းခံရတဲ့ ဒိုက်ဦးက လယ်သမားတွေ အားလုံး လက်မှတ် ရေးထိုးကြမယ်လို့ သိရပါတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။