Thursday, March 9, 2017

တာချီလိတ်၌ အမျိုးသားနှစ်ဦး အအေးမိသေဆုံး

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ် တာလော့ရပ်ကွက်နှင့် မိုင်းကိုးကျေးရွာ အုပ်စုတို့၌ အမျိုးသားနှစ်ဦး အအေးမိသေဆုံးသည့်ဖြစ်စဉ် မတ် ၇ ရက်က နှစ်ကြိမ် ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ မတ် ၇ ရက် နံနက်ပိုင်းက တာချီလိတ်မြို့ တာလော့ရပ်ကွက်၊ ထိုင်း-မြန်မာအမှတ်(၁)ချစ်ကြည်ရေးတံတားလမ်းဘေး ကုက္ကိုပင်အောက်၌ အမျိုးသား တစ်ဦး သေဆုံးနေကြောင်း သတင်းအရ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် အဖွဲ့က သွားရောက် စစ်ဆေးရာ မောင်ဇော် (၃၅ နှစ်)သည် အရက်သေစာ သောက်စားထားပြီး အမှတ်(၁)တံတားလမ်းမဘေး ကုက္ကိုပင်အောက်တွင် လမ်းဘေး၌ အိပ်နေရာမှ ပြင်ပဒဏ်ရာ မရှိဘဲ ခန္ဓာကိုယ်တောင့်တင်းကာ အအေးမိသေဆုံးခဲ့ကြောင်း သိရသည်။




အလားတူ ယင်းနေ့နံနက်ပိုင်းက တာချီလိတ်မြို့ မိုင်းကိုးအုပ်စု ယန်းခမ်း(၁)ရွာ တာချီလိတ်-ကျိုင်းတုံကားလမ်းဘေး တောင်ယာတဲ၌ အမျိုးသားတစ်ဦး သေဆုံး နေကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ တာချီလိတ်-ကျိုင်းတုံကားလမ်းမဘေး ယန်းခမ်း (၁)ရွာ ဟွမ်ကျန်းတံတားအနီး လူမနေတောင်ယာတဲပေါ်တွင် လွန်ခဲ့သော ခြောက်လခန့်ကတည်းက ယန်းခမ်း(၁)ရွာသို့ ရောက်ရှိပြီး တောင်းရမ်းစားသောက် နေသူ စိုင်းဝင်း (၅ဝ နှစ်ခန့်)သည် ခန္ဓာကိုယ်ပိန်လှီပြီး ခြေလက်များ ဖော ရောင်နေကာ လမ်းဘေး၌ အိပ်ရာမှ အအေးမိသေဆုံးသည်ဟု ယူဆရသဖြင့် ယင်း၏အလောင်းကို တာချီလိတ်ပြည်သူ့ဆေးရုံသို့ ပေးပို့ထားသည်။ သေဆုံးသူနှစ်ဦးကို ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စုံစမ်းစစ်ဆေး နိုင်ရန် တာချီလိတ်မြို့မ ရဲစခန်းက အမှု ရေးဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။

မြင့်မိုရ်(တာချီလိတ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။