Saturday, July 27, 2013

အရှေ့တောင်အာရှ ဒေသအတွင်း မြန်မာနိုင်ငံသည် ခရီးသွားလုပ်ငန်း တိုးတက်မှု ရာခိုင်နှုန်း အမြင့်ဆုံးဖြစ်ကြောင်း ကမ္ဘာ့ခရီးသွားလုပ်ငန်း အဖွဲ့မှ သုံးသပ်

7.26.20

ကမ္ဘာကျော် ဦးပိန်တံတား တည်ရှိရာ တောင်သမန်အင်းအတွင်း ငှက်သမ္ဗန်ဖြင့် လေ့လာနေသည့် ကမ္ဘာလှည့် ခရီးသွားအချို့

အရှေ့တောင်အာရှ ဒေသအတွင်း မြန်မာနိုင်ငံသည် ခရီးသွားလုပ်ငန်း တိုးတက်မှု ရာခိုင်နှုန်း အမြင့်ဆုံးဖြစ်ကြောင်း United Nations World Tourism Organization (UNWTO) က ၂၀၁၃ ခုနှစ်တွင် ထုတ်ဝေသည့် UNWTO Tourism Highlights ၌ ဖော်ပြထားသည်။

မြန်မာနိုင်ငံ ပါဝင်သည့် အာရှနှင့် ပစိဖိတ်ဒေသ၏ ခရီးသွားလုပ်ငန်းဆိုင်ရာ သုံးသပ်ချက်တွင် အရှေ့တောင်အာရှ ဒေသသည် အခြားသော အာရှဒေသခွဲများထက် ခရီးသွားလုပ်ငန်း တိုးတက်မှု အမြင့်ဆုံးဖြစ်ကာ ၂၀၁၂ ခုနှစ်အတွင်း ခရီးသွား ၀င်ရောက်မှု ကိုးရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း UNWTO က ဆိုထားသည်။

၂၀၁၁ ခုနှစ်နှင့် နှိုင်းယှဉ်ပါက တိုးတက်မှု ရာခိုင်နှုန်းများ အနေဖြင့် ထိုင်းနိုင်ငံသည် ၁၆ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယား နိုင်ငံသည် ၂၄ ရာခိုင်နှုန်း၊ ဗီယက်နမ် နိုင်ငံသည် ၁၄ ရာခိုင်နှုန်း အသီးသီးရှိကာ မြန်မာနိုင်ငံသည် ၅၂ ရာခိုင်နှုန်းဖြင့် တိုးတက်မှု အမြင့်ဆုံး ဖြစ်သည်ဟု UNWTO က သုံးသပ်ထားသည်။

ခရီးသွားဦးရေ စုစုပေါင်း အနေဖြင့်မူ မြန်မာနိုင်ငံသည် ၂၀၁၂ ခုနှစ်တွင် ပထမဆုံး အကြိမ်အဖြစ် ဦးရေတစ်သန်း ကျော်လွန်ခဲ့သော်လည်း အရှေ့တောင်အာရှ ဒေသတွင်း ခရီးသည်ဝင်ရောက်မှု အနည်းဆုံး နိုင်ငံများထဲတွင် ပါဝင်နေဆဲ ဖြစ်သည်။

အာရှနှင့် ပစိဖိတ်ဒေသသည် ၂၀၁၂ ခုနှစ်အတွင်း ခရီးသွားလုပ်ငန်း တိုးတက်မှု အမြင့်ဆုံး ဒေသဖြစ်ကာ ၇ ရာခိုင်နှုန်း တိုးတက်မှု ရှိခဲ့ကြောင်း၊ ခရီးသွားဦးရေ စုစုပေါင်း ၂၃၄ သန်း အာရှနှင့် ပစိဖိတ်ဒေသသို့ လာရောက်ခဲ့ကာ ခရီးသွားများထံမှ ရရှိသောဝင်ငွေ အမေရိကန်ဒေါ်လာ ၃၂၄ ဘီ လျံမှာ တစ်ကမ္ဘာလုံး ၀င်ငွေ၏ ၃၀ ရာခိုင်နှုန်းရှိကြောင်း UNWTO Tourism Highlights ၌ ဖော်ပြချက်အရ သိရသည်။

7.26.21

ပုဂံဘုရားများအား လာရောက်လေ့လာနေသည့် ကမ္ဘာလှည့် ခရီးသွားများကို တွေ့ရစဉ် (ဓာတ်ပုံ-ကိုနော်)

မြန်မာနိုင်ငံသည် ၁၉၉၆ ခုနှစ်က UNWTO ၏ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်ခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် ခေတ္တဆိုင်းငံ့ခဲ့သည်။

၂၀၁၂ ခုနှစ် မေလအတွင်း ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့မှ အတွင်းရေးမှူးချုပ် Dr. Taleb Rifai သည် မြန်မာနိုင်ငံသို့ နှစ်ရက်ကြာ လာရောက်ခဲ့ပြီး အဆိုပါ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်လည်း တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်းဆိုင်ရာ အလားအလာများ သာမက ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့သို့ ပြန်လည်ဝင်ရောက် နိုင်ရန်လည်း ထည့်သွင်းဆွေးနွေးခဲ့ကြပြီး ၂၀၁၂ ခုနှစ်အတွင်း အဖွဲ့ဝင်နိုင်ငံ အဖြစ်သို့ ပြန်လည်ရောက်ရှိ လာခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ်အတွင်း မှစတင်ကာ နိုင်ငံရေးနယ်ပယ်မှ အပြောင်းအလဲများပေါ်တွင် မူတည်၍ ခရီးသွားများ စိတ်ဝင်စားမှု မြင့်တက်လာခဲ့ကာ ၂၀၁၂ ခု နှစ်အတွင်း ပထမဆုံးအကြိမ် ခရီးသွားဦးရေ တစ်သန်းကျော်လွန်ခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် ခရီးသွားလုပ်ငန်း နယ်ပယ်၏ တိုးတက်မှု မြန်ဆန်ခြင်းနှင့်အတူ ဟိုတယ်အခန်း လိုအပ်ချက်လည်း ပေါ်ပေါက်နေသည့် အတွက် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းသည် ရင်းနှီးမြှုပ်နှံသူများ၏ အာရုံစိုက်ရာ နယ်ပယ်တစ်ခုလည်း ဖြစ်နေသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။