Wednesday, March 27, 2013

မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်ကို နောက်ကွယ်မှ ကြိုးကိုင်ကာ ကျူးလွန်ခဲ့သည်ဟု ယူဆထားသူများအား ထိန်းသိမ်းထားပြီး ပြည်ပအကြမ်းဖက် လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ချိတ်ဆက်မှု ရှိ၊ မရှိ စစ်ဆေးနေ


mtl111

မိတ္ထီလာ ပဋိပက္ခ ဖြစ်ပွားမှုကြောင့် မိတ္ထီလာမြို့ရှိ သာသနဝေဗုလ္လ ကျောင်းတွင် လာရောက်ခိုလှုံနေသူများကို မတ်လ ၂၅ ရက်နေ့ကတွေ့ရစဉ်

မိတ္ထီလာမြို့တွင် ၂၀၁၃ ခုနှစ် မတ်လ ၂၀ ရက်က စတင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခ ဖြစ်စဉ်အား နောက်ကွယ်မှ ကြိုးကိုင်ပြီး ကျူးလွန်ခဲ့သည်ဟု ယူဆထားသူများအား ထိန်းသိမ်းထားပြီး ၎င်းတို့အနေဖြင့် ပြည်ပရှိ အကြမ်းဖက်လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ချိတ်ဆက်မှု ရှိ၊ မရှိကို စစ်ဆေးလျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ ပဋိပက္ခ ဖြစ်စဉ်ကာလအတွင်း တုတ်၊ ဓား လက်နက်ကိုင်ဆောင်ထားသူ ၅၃ ဦးအား ခံဝန်ကတိလက်မှတ် ရေးထိုးကာ အာမခံဖြင့် ပြန်လည်စေလွှတ်ထားပြီး နောက်ကွယ်မှ ကြိုးကိုင်ကျုးလွန်သည်ဟု ယူဆထားသူ ၁၃ ဦးအား ဖမ်းဆီးစစ်ဆေးလျက် ရှိကြောင်းသိရသည်။ ၎င်းဖြစ်စဉ်နှင့် ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီး တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယတိုင်းရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ထွန်းနိုင်က "အခုအချိန်အထိ ဒီပဋိပက္ခဖြစ်စဉ်ကို ဖြစ်ပွားအောင် နောက်ကွယ်ကနေပြီးတော့ ကျူးလွန်ခဲ့တယ်လို့ ယူဆထားတဲ့သူ ၁၃ ဦး ရှိတယ်။ ဒီလူတွေအပြင် ဆက်စပ်ပြီးတော့ ပါဝင်တဲ့သူတွေကို ဖော်ထုတ်ဖမ်းဆီး စစ်ဆေးသွားမယ်။ ဒါ့အပြင် သူတို့တွေက ပြည်ပနိုင်ငံတွေမှာရှိတဲ့ အကြမ်းဖက်လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်မှု ရှိ၊ မရှိဆိုတာကိုတော့ စစ်ဆေးနေဆဲပါပဲ။ ကွင်းဆက်ဖော်ထုတ်ရမိတဲ့ ပတ်သက်မှုတွေ အားလုံးကိုတော့ ဥပဒေအတိုင်း ဆောင်ရွက်သွားမယ်" ဟု မတ်လ ၂၅ ရက် ညနေပိုင်းက Eleven Media Group ၏ မေးမြန်းချက်အား ပြန်လည်ဖြေကြားခဲ့သည်။

Biweeklyeleven-1-march27

မိတ္ထီလာမြို့ ပဋိပက္ခတွင် ပျက်စီးဆုံးရှုံးမှုများကို စာရင်းပြုစုပြီး ပြန်လည်ရှင်းလင်းမှုများ ပြုလုပ်နေသည်ကို မတ်လ ၂၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ဝင်းမြင့်ကျော်)

မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်အား နောက်ကွယ်မှ ကြိုးကိုင်ကျုးလွန်ခဲ့သည်ဟု ယူဆထားသူ ၁၃ ဦးအား စစ်ဆေးနေသည့်အပြင် ရမည်းသင်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်အား ကျုးလွန်ခဲ့သည်ဟု ယူဆထားသူ ၁၇ ဦးနှင့် လယ်ဝေးမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်ကို ကျုးလွန်ခဲ့သည်ဟု ယူဆထားသူ ငါးဦးအား ဖမ်းဆီးထိန်းသိမ်းထားကြောင်း သက်ဆိုင်ရာမှ သတင်းထုတ်ပြန်ချက်များအရ သိရသည်။


အခုအချိန်အထိ ဒီပဋိပက္ခဖြစ်စဉ်ကို ဖြစ်ပွားအောင် နောက်ကွယ်ကနေပြီးတော့ ကျူးလွန်ခဲ့တယ်လို့ ယူဆထားတဲ့သူ ၁၃ ဦး ရှိတယ်။ ဒီလူတွေအပြင် ဆက်စပ်ပြီးတော့ ပါဝင်တဲ့သူတွေကို ဖော်ထုတ်ဖမ်းဆီး စစ်ဆေးသွားမယ်။ ဒါ့အပြင် သူတို့တွေက ပြည်ပနိုင်ငံတွေမှာရှိတဲ့ အကြမ်းဖက်လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်မှု ရှိ၊ မရှိဆိုတာကိုတော့ . . . . .

မတ်လ ၂၀ ရက်က မိတ္ထီလာဈေးကြီးရှိ ရွှေဆိုင်တစ်ဆိုင်တွင် အရောင်းအ၀ယ် ပြုလုပ်ရာမှ စတင်ဖြစ်ပွားခဲ့သော သုံးရက်ကြာ ပဋိပက္ခဖြစ်စဉ်တွင် မတ်လ ၂၄ ရက် ညနေပိုင်းအထိ သေဆုံးသူ ၄၀ ဦးရှိပြီး ဒဏ်ရာရသူ ၃၉ ဦးရှိခဲ့ကြောင်းနှင့် အဆောက်အဦအများအပြား မီးလောင်ပျက်စီးခဲ့ကာ ပဋိပက္ခဖြစ်စဉ်ကြောင့် ဒုက္ခသည် ၉၆၀၀ ကျော်ရှိကြောင်း အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။

မတ်လ ၂၀ ရက်က နယူးဝိန့်စိန် ရွှေဆိုင်တွင် ဖြစ်ပွားခဲ့သည့် သာမန်ခိုက်ရန်ဖြစ်ပွားမှုမှ စတင်ကာ ဘာသာရေးအဓိကရုဏ်းအသွင် ဖန်တီးလုပ်ဆောင်မှုများကြောင့် သက်ဆိုင်ရာက ပုဒ်မ ၁၄၄ ထုတ်ပြန် ထိန်းသိမ်းခဲ့ရပြီး မတ်လ ၂၂ ရက်တွင်မူ အရေးပေါ်အခြေအနေ ကြေညာကာ တပ်မတော်မှ ၀င်ရောက်ထိန်းသိမ်းမှုများ ပြုလုပ်ခဲ့သည်။

မိတ္ထီလာပဋိပက္ခ ဖြစ်စဉ်အား နောက်ကွယ်မှ ကြိုးကိုင်ခဲ့သည့် ကျူးလွန်သူများအား ခြေရာခံထားမိနေပြီး အမြန်ဆုံး စစ်ဆေးဖော်ထုတ် အရေးယူသွားမည်ဖြစ်ကာ ပဋိပက္ခဖြစ်စဉ်မှာ သာမန်ဖြစ်ရိုးဖြစ်စဉ်များနှင့် လုံးဝမတူဘဲ ပြဿနာကြီးထွားအောင် ဖန်တီးပြုလုပ်ခဲ့သည်ဟု ထင်မြင်ယူဆချက်များ ရှိနေမှုကြောင့် စုံစမ်းစစ်ဆေးရေး အဖွဲ့အား အမြန်ဆုံးဖွဲ့စည်းပြီး စစ်ဆေးဆောင်ရွက်နေကြောင်း မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်က မတ်လ ၂၄ ရက်တွင် Eleven Media Group သို့ ပြောကြားသည်။ 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။