Monday, November 5, 2012

 ကေတုမတီ(တောင်ငူမြို့)မြို့တည်နန်းတည်(၅၀၂)နှစ်ပြည့် အထိမ်းအမှတ်ပွဲတော်ကျင်းပမည်



thn-4-11-7
ကတုမတီ(တောင်ငူမြို့) မြို့တည်နန်းတည်(၅၀၁)နှစ်ပြည့် အထိမ်းအမှတ်ပွဲတော်ကျင်းပရာတွင် ၀င်းခင်းသဘင်အခမ်းအနားကို တွေ့ရစဉ်
ပဲခူးတိုင်းဒေသကြီး ကေတုမတီ(တောင်ငူမြို့)မြို့တည်နန်းတည် (၅၀၂)နှစ်ပြည့် အထိမ်းအမှတ်ပွဲတော်ကိုကျင်းပမည်ဖြစ်ပြီး နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်လည်ပူဇော်ပွဲနှင့် ၀င်းခင်သဘင်အခမ်းအနားများလည်း ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ကေတုမတီ(တောင်ငူမြို့)မြို့တည်နန်းတည် ၅၀၂ နှစ်ပြည့်ပွဲတော်ကြီးကို နိုဝင်ဘာလ ၂၆ ရက်နေ့မှ ၂၈ရက်နေ့အထိ စည်ကားစွာကျင်းပမည်ဖြစ်ပြီး တောင်ငူမြို့ (တော်ဝင်ကေတု)ဟိုတယ်တွင် ပွဲတော်ကျင်းပ ရေး လုပ်ငန်းအကြိုညှိနှိုင်းအစည်းအဝေးများကျင်းပကြောင်း သိရသည်။
ကေတုမတီ(တောင်ငူမြို့) ၅၀၂ နှစ်ပြည့်အထိမ်းအမှတ်ပွဲတော် ကျင်းပနိုင်ရေးအတွက် လုပ်ငန်းဆပ်ကော်မတီ (၂၀)ဖြင့် ဖွဲ့စည်းဆောင်ရွက်ထားရှိပြီး ပွဲတော်စည်ကားရေးအတွက် ကေတုမတီကလပ်အသင်း ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ၊ ကေတုမတီ ကလပ်အသင်း ဖိတ်ခေါ်ဘော်လီဘောပြိုင်ပွဲ၊ ကေတုမတီကလပ်အသင်း ပိုက်ကျော်ခြင်း ပြိုင်ပွဲ၊နွားလှည်းဒုံးပြိုင်ပွဲ၊ နွားမအလှပြိုင်ပွဲ၊ တောင်ငူခေတ် ၀တ်စားဆင်ယင်မှုမယ်အလှပြိုင်ပွဲ၊ သီးချင်းဆိုပြိုင်ပွဲတို့ကို ပွဲတော်ရက်မတိုင်မီ ထည့်သွင်းကျင်းပမည်ဖြစ်ပြီး မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကြီး ထည့်သွင်းကျင်းပနိုင်ရန် ညှိနှိုင်းနေဆဲဖြစ်ကြောင်း သိရသည်။
နိုဝင်ဘာလ ၂၆ ရက်နေ့တွင် နှစ်ကျိပ်ရှစ်ဆူဘုရားအား တောင်ငူမြို့တွင်းဒေသစာရီလှည့်လည်ပူဇော်ပွဲ၊ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ရှင်အပါး ၅၀၂ပါးအား ရှင်ပြုရဟန်းခံ အလှူပွဲနှင့် နိုဝင်ဘာလ၂၈ရက်(တန်ဆောင်မုန်းလပြည့်)နေ့တွင် သံဃာတော်အပါး ၁၂၀၀အား အာရုံဆွမ်း လောင်းလှူဒါန်းမှုများ ပြုလုပ်မည် ဖြစ်သည်။
တောင်ငူခေတ်သမိုင်းဆိုင်ရာများ ဟောပြောပွဲကို နိုဝင်ဘာလ ၂၇ ရက်နေ့နှင့် တောင်ငူခေတ်ထီးဟန်နန်းဟန် ဆင်တပ်/မြင်းတပ်များဖြင့် ၀င်းခင်းသဘင် ကျင်းပခြင်းအခမ်းအနားကို ဆင်ခြောက်ကောင်၊ မြင်းကောင်ရေ ၃၀၊ စစ်သည်လူဗိုလ်ပါ အယောက် ၃၀၀ ၀န်းကျင်ခန့်ဖြင့် နိုဝင်ဘာလ ၂၈ ရက်နေ့ တန်ဆောင်မုန်းလပြည့်နေ့တွင် တောင်ငူမြို့တွင်း လှည့်လည်ကျင်းပမည်ဖြစ်သည်။
ကေတုမတီ (တောင်ငူ) မြို့ကို သက္ကရာဇ် ၈၇၂ ခုနှစ် တန်ဆောင်မုန်းလပြည့် အင်္ဂါနေ့နံနက် ၂ ချက်တီးတွင်(မဟာသီရိဇေယျသူရ)ဘွဲ့ခံဘုရင် မင်းကြီးညိုက စတင်တည်ထောင်ခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။