ကြက်သွန်တောင်သူတွေ အရှုံးပေါ်
စိုက်ပျိုးရေးအတွက် နွားနှင့်ဖက်၍ ထွန်ယက် လုပ်ကိုင်နေသော မြန်မာ တောင်သူလယ်သမား သားအဖ ဖြစ်ပါသည်။ (Photo: AFP)
မကွေးတိုင်း၊ ရေနံချောင်းနဲ့ တခြားဒေသတွေမှာ တစ်နှစ်ကို
ကြက်သွန်နှစ်သီးစား စိုက်ပျိုးကြပါတယ်။ ပထမအကြိမ်စိုက်တဲ့ ကြက်သွန်နဲ့
အခုစိုက်ပျိုးထားတဲ့ ကြက်သွန်တွေဟာ လက်ရှိဈေးနှုန်းနဲ့ဆိုရင် အများကြီး
နစ်နာဆုံးရှုံးနေကြတယ်လို့
ရေနံချောင်းက လယ်သမားတစ်ယောက်က ပြောပြပါတယ်။
"စိုက်ပျိုး ထုတ်လုပ်မှုစရိတ်က ကြက်သွန် ၁ ပိဿာ ထွက်လာဖို့ကို အရင်းက ၃၀၀ လောက်ကျတယ်။ ရောင်းစားတော့ကျတော့ ၁ ပိဿာကို ၁၅၀ လောက်ရကြတယ်။ အပင်တွေကလည်း ၁၀၀ ဈေးလောက်ရှိတယ်။ အရင်းကျတာက ၃၀၀ လောက်ဆိုတော့ သူတို့လည်း ၁ပိဿာ ၂၀၀ လောက်ရှုံးကြမှာပဲ။ ကျန်တဲ့နယ် ကြက်သွန်တွေက ဈေးကွက်နိမ့်နေတော့ တစ်ပြင်လုံး ရှုံးကြပါတယ်။ အခုစိုက်တာတွေကလည်း နောက်စိုက်တာကို စပေါ်ပြီဗျ"
ပထမပိုင်းစိုက်တဲ့ ကြက်သွန်တွေက လွန်ခဲ့တဲ့ တစ်လပိုင်းလောက်က အရှုံးနဲ့ ထုတ်ရောင်းခဲ့ရတယ်လို့ ဆိုပါတယ်။ လယ်ထွန်စာရိတ်နဲ့ အလုပ်သမားခက သိပ်အကုန်အကျ မများပေမဲ့ ကြက်သွန်ပိဿာ ၃၀ လောက်ထွက်ဖို့အတွက် ဓာတ်မြေသြဇာ တစ်အိတ်ကို ၄၀၀၀၀ လောက်ပေးနေရတာကြောင့် ဈေးကြီးတယ်လို့လည်း သူကပြောပါတယ်။
အဲဒီဒေသအတွင်းရှိ တောင်သူတွေ အရှုံးပေါ်ကြရတဲ့ အကြောင်းရင်းတွေနဲ့ ပတ်သက်လို့ နောက်ထပ် ဒေသခံတစ်ယောက်ကလည်း အခုလိုပြောပါတယ်။
"အဓိက ကြက်သွန်တို့ ပဲတို့ ရှုံးရတဲ့ အကြောင်းရင်းတွေက စိုက်ပျိုးတဲ့နေရာမှာ လိုအပ်တဲ့ ဓာတ်မြေသြဇာကို နိုင်ငံခြားက သွင်းတဲ့အခါမှာ ဈေးကြီးပေးနေရတယ်။ ကျွန်တော်သိရသလောက်တော့ အာရှတိုက်မှာ မြန်မာနိုင်ငံဟာ မြေသြဇာ ဈေးအကြီးဆုံးပဲ။ စိုက်ပျိုးတဲ့အခါမှာလည်း တရုတ်တို့ အိန္ဒိယတို့နဲ့ယှဉ်ရင် စိုက်ပျိုးမှုက ခေတ်မမီတော့တဲ့ အတွက်ကြောင့် အထွက်နှုန်းတွေလည်း နည်းတယ်။ စိုက်စရိတ်တွေလည်း ကြီးတယ်။ ပြန်ရောင်းကြတော့လည်း အာဏာရှိတဲ့လူနဲ့ ကုမ္ပဏီက ချုပ်ကိုင်ထားတော့ကျတော့ သူတို့ စိတ်ကြိုက်ဈေးနဲ့ ၀ယ်တဲ့အတွက်ကြောင့် ရောင်းတဲ့အခါကျတော့ ဈေးနည်းတယ်။ အဲဒါကြောင့် တောင်သူတွေ ရောင်းတဲ့အခါကျတော့ အရှုံးပေါ်ကြတာပေါ့"
ကြက်သွန်ကို ရေနံချောင်းမြို့နယ်မှာ အဓိက စိုက်ပျိုးနေကြပြီး ပခုက္ကူ၊ မြင်းခြံနဲ့ မြစ်သားမြို့နယ်တွေမှာလည်း စိုက်ပျိုးကြပါတယ်။ တဖြည်းဖြည်းဈေးနှုန်းများ ပြန်တက်လာမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ တောင်သူတွေက အရှုံးခံပြီး စိုက်ခဲ့ကြတာ ဖြစ်ပါတယ်။
အခုလို ကြက်သွန်ဈေးတွေ ဆက်တိုက် ကျဆင်းအုံးမယ်ဆိုရင် နောက်နှစ်တွေမှာ စိုက်ပျိုးဖို့ မဖြစ်နိုင်တော့ဘူးလို့ စောစောက လယ်သမားက ပြောပါတယ်။

No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။