Friday, August 30, 2013

မြို့နယ်အလိုက် လျှပ်စစ်ဖြန့်ဖြူးခွင့်ကို နာမည်ကျော် ကုမ္ပဏီကြီးအချို့ အပါအ၀င် ကုမ္ပဏီ ၂၀ ကျော်က ရယူ၊ ပဲခူးအရှေ့မြို့နယ် ၃၇ မြို့နယ် စလုံးကို အေးရှားဝေါလ် ကုမ္ပဏီက တစ်ဦးတည်း လုပ်ကိုင်ခွင့်ရရှိ


မြို့နယ်အလိုက် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခွင့်ကို နာမည်ကျော် ကုမ္ပဏီကြီးအချို့ အပါအ၀င် ကုမ္ပဏီ ၂၀ ကျော်က လုပ်ကိုင်ခွင့် ရရှိထားကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး (အရှေ့)ရှိ မြို့နယ် ၃၇ ခုစလုံး၏ ပုဂ္ဂလိက အနေဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခွင့်ကို အေးရှားဝေါလ် ကုမ္ပဏီက လုပ်ကိုင်ခွင့် ရရှိကြောင်း သိရသည်။

ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ တနင်္သာရီ၊ မွန်၊ ကရင်၊ ရှမ်းစသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ မြို့နယ် ၈၄ ခုအား ပုဂ္ဂလိက ကုမ္ပဏီ ၂၀ ကျော်မှ လုပ်ကိုင်ခွင့် ရရှိထားခြင်းဖြစ်ပြီး ပြည်ထောင်စု အစိုးရအဖွဲ့နှင့် နိုင်ငံတော် သမ္မတကလည်း ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
လုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီများထဲတွင် အေးရှားဝေါလ်ကုမ္ပဏီ (Gold Energy Co., Ltd အမည်ဖြင့်)၊ Ruby Dragon Con-struction၊ Capital Development၊ ဧဒင်စွမ်းအင်နှင့် သဘာဝရင်းမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီတို့ကဲ့သို့ ကုမ္ပဏီကြီးများ ပါဝင်ပြီး လက်ရှိအချိန်အထိ ဆိုပါက အေးရှားဝေါလ် ကုမ္ပဏီမှ မြို့နယ်အများဆုံး ဖြန့်ဖြူးခွင့် ရရှိထားသည်။
ပုဂ္ဂလိက ဓာတ်အားဖြန့်ဖြူးခွင့် ရရှိသည့် ကုမ္ပဏီများသည် နိုင်ငံတော် ဓာတ်အားစနစ်မှ ဓာတ်အားအပြင် ဓာတ်အားလျော့နည်း ချိန်နှင့် ဓာတ်အား ပြတ်တောက်ချိန်တွင် အစားထိုးပေး နိုင်ရန်အတွက် အရန်ဓာတ်အား ထုတ်လုပ်ကာ ဖြန့်ဖြူးရမည်ဖြစ်ပြီး အရန်ဓာတ်အား စနစ်အား ရေအားလျှပ်စစ် သို့မဟုတ် ကျောက်မီးသွေးသုံး သို့မဟုတ် သဘာဝဓာတ်ငွေ့သုံး စက်ရုံစသည်ဖြင့် မည်သို့ထုတ်လုပ်မည်ကို တင်ပြထားကြရကြောင်း သိရသည်။ ပုဂ္ဂလိက ကုမ္ပဏီများအား အနည်းဆုံး ၁၅ နှစ်အထိ လုပ်ကိုင်ခွင့်ပေးရန် စီစဉ်နေပြီး ပထမအကြိမ် ငါးနှစ်၊ နောက်ထပ် ငါးနှစ် နှစ်ကြိမ်အထိ ခွင့်ပြုပေးရန် စီစဉ်နေခြင်းဖြစ်သည်။

လုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီများထဲတွင် အေးရှားဝေါလ်ကုမ္ပဏီ (Gold Energy Co., Ltd အမည်ဖြင့်)၊ Ruby Dragon Con-struction၊ Capital Development...


ပုဂ္ဂလိကသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခွင့်များ ချထားပေးသော်လည်း လက်ရှိအချိန်အထိ လျှပ်စစ်ဥပဒေမရှိ၊ အဓိက လိုအပ်သည့် ဓာတ်အားခ စံနှုန်းသတ်မှတ် ထားချက်များကို ထင်သာမြင်သာ ထုတ်ပြန်သတ်မှတ်ထားခြင်း မရှိသေးဘဲ စာချုပ်ဖြင့်သာ ခွင့်ပြုပေးနေခြင်း ဖြစ်သည်။
ယင်းအပြင် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန အနေဖြင့် နိုင်ငံတကာမှ ကုမ္ပဏီများအား ဓာတ်အားပေး စက်ရုံများ မြှုပ်နှံခွင့် ပြုထားရာတွင် တစ်ယူနစ် ဓာတ်အားခနှုန်းမှာ ကျပ် ၁၃၀ ကျော် အထိပင် ကျသင့်မှုများ ရှိသည်ဟုလည်း သိရသည်။
လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခြင်းလုပ်ငန်းအား ပုဂ္ဂလိကလက်သို့ လွှဲပြောင်းလိုက်သည့် အတွက် ယခင်ကထက် လျှပ်စစ်ဓာတ်အား ပိုမိုရရှိ လာနိုင်သော်လည်း မီတာခမှာ မဖြစ်မနေ မြင့်တက်လာနိုင်သည်ဟု သိရသည်။
UMFCCI တွင် ဇူလိုင် ၃၁ ရက်က ကျင်းပသည့် လျှပ်စစ်ဆိုင်ရာ ဆွေးနွေးပွဲတွင်လည်း စက်မှုလုပ်ငန်းများ အနေဖြင့် ပုဂ္ဂလိက ဓာတ်အားပေးမှုများ ပြုလုပ်လာပါက လျှပ်စစ်မီး ပိုမိုရရှိလာမည် ဖြစ်ကြောင်း၊ သို့သော် ဓာတ်အားခမှာ ယခုနှုန်းဖြင့် ရမည်မဟုတ်ကြောင်း ကိုလည်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ထည့်သွင်း ပြောကြားသွားသည်။
ဝန်ကြီးဌာန အသီးသီးမှ နိုင်ငံပိုင် လုပ်ငန်းများအား ပုဂ္ဂလိကသို့ လွှဲပြောင်းသည့် နည်းလမ်းဖြင့် လုပ်ကိုင်ရာတွင် လမ်းတံတားကြေး၊ စက်သုံးဆီလုပ်ငန်း၊ စက်ရုံအလုပ်ရုံ၊ သယ်ယူပို့ဆောင်ရေး၊ ယခုအခါ လျှပ်စစ်ဓာတ်အား စသည်ဖြင့် အများပြည်သူနှင့် သက်ဆိုင်သည့် လုပ်ငန်းများကို လွှဲပြောင်းရာ၌ အရင်းအနှီး တောင့်တင်းနေသည့် ကုမ္ပဏီကြီးများသာ အများစု ရယူထားနိုင်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။