Saturday, August 3, 2013

အချိန်ပိုမဆင်း၍ အလုပ်ထုတ်ပါက လုပ်သားများမှ ပြန်၍ တရားစွဲဆိုနိုင်

လုပ်သားများအနေဖြင့် အချိန်ပိုဆင်းရန် ဆန္ဒမရှိပါက ဆင်းရန်မလိုကြောင်း၊ အချိန်ပိုမဆင်း၍ အလုပ်ထုတ်ပစ်ပါက အလုပ်ထုတ်သူအား ပြန်လည်၍ တရားစွဲဆိုနိုင်ကြောင်း နေပြည်တော် အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေးနှင့် အလုပ်သမားဝန်ကြီးဌာနမှ ဥပဒေအကြံပေး အရာရှိတစ်ဦးက ဆိုသည်။

 "အချိန်ပိုက မဆင်းချင်ရင် မဆင်းလို့ရတယ် ဘာမှကြောက်စရာမလိုဘူး အချိန်ပိုမဆင်းလို့ အလုပ်ကထုတ်ရင် ထုတ်တဲ့သူကို တရားဆွဲလို့ရတယ် ၊အနည်းဆုံး အခြေခံလစာကိုတော့ နောက် ၄/၅လလောက်နေရင် ထုတ်ပြန်ပေးမယ်လို့ လွှတ်တော်တွေက နေထုတ်ပြန်ပြီသားပါ"ဟု လူမှုဖူလုံရေးနှင့်အလုပ်သမားဝန်ကြီးဌာန နေပြည်တော် ဥပဒေအကြံပေး ဦးသက်နိုင်ဦးမှ ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် စက်မှုဇုန် (၃)အတွင်းရှိ Opal 2 အထည်ချုပ်စက်ရုံလုပ်သားများအနေဖြင့် အခြေခံလစာနည်းပါးမှု အချိန်ပို ဆက်တိုက်ဆင်းနေရမှုများနှင့်ပတ်သက်၍ ကျေနပ်မှုမရှိဖြစ်နေကြသည်ဟု စက်ရုံလုပ်သား များထံမှ သိရှိရသည်။

Opal 2 စက်ရုံလုပ်သားများအနေဖြင့် အခြေခံလစာတိုးမြှင့်ရရှိကာ၊ ပိတ်ရက်များကိုလည်း မှန်မှန်ပိတ်ပေးစေလိုခြင်းဖြစ်သည်ဟု စက်ရုံ လုပ်သားတစ်ဦးက ယခုကဲ့သို့ဆိုသည်။

"ကျွန်တော်တို့ကို အခြေခံလစာနည်းနည်းပဲပေးထားပြီး အချိန်ပို(Over time)တွေ ဆင်းခိုင်းတယ်။ ဇူလိုင်လထဲမှာ ဆိုရင် အာဇာနည်နေ့နဲ့ တနင်္ဂနွေနေ့ နှစ်ရက်ပဲ ပိတ်ရက်ရှိသေးတယ်။ ပြီခဲ့တဲ့လတွေကဆို အချိန်ပို (All night) ကို တစ်ရက် ခြား ခေါ်တာတွေ ရှိခဲ့တယ်၊ " ဟု Opal 2 အထည်ချုပ် စက်ရုံဝန်ထမ်းတစ်ဦးက ပြောသည်။

အဆိုပါစက်ရုံမှ လုပ်သက်ရင့် လုပ်သားတစ်ဦးမှလည်း အချိန်ဆင်းခိုင်းမှုနှင့် အခြေခံလစာနည်းပါးမှုများအား မလိုလားဟု ယခုကဲ့သို့ပြောကြားသည်။

"ကျွန်တော်ဆိုရင် ဒီစက်ရုံမှာ လုပ်လာတာ ရှစ် နှစ်ကျော်ပြီ ခုမှ အခြေခံလစာက ၃၀၈၀၀ ကျပ် ပဲရသေးတယ်။ ရက်မှန်ကြေး ၊အချိန်ပိုကြေး၊ ထောက်ပံကြေးတွေပေါင်းမှ လစာကလောက်တယ်။ ဖြစ်စေချင်တာက အခြေခံလစာကို တိုးပေးပြီး ပိတ်ရက်ဆိုလည်း မှန်မှန်ပိတ်စေချင်တယ်။ ခုက အလုပ်အရေးကြီးရင် လက်မှတ်လိုက်ထိုးခိုင်းပြီး အချိန်ပိုမဆင်းချင်လည်း ဆင်းရတယ်" ဟု Opal 2 စက်ရုံဝန်ထမ်းတစ်ဦးက ပြောသည်။

Opal 2 စက်ရုံမန်နေဂျာမှ စက်ရုံလုပ်သာများအား အတင်းအကြပ် အချိန်ပိုဆင်းခိုင်းလေ့မရှိကြောင်း ငြင်းဆိုထားသည်။

"ကျွန်မတို့အနေနဲ့ အတင်အကျပ်ဆင်းခိုင်းတာမျိုးမရှိပါဘူး ဆန္ဒရှိမှသာ ဆင်းခိုင်းတာပါ လုပ်ငန်းလိုအပ်ချက်အရ အချိန်ပိုခေါ်ရင် ၈ မိုင်ကရုံးက ခွင့်ပြုချက်ရမှ အချိန်ပိုခေါ်တာပါ"ဟု Opal 2 စက်ရုံ မန်နေဂျာဒေါ်အုံးသန်းကပြောသည်။

လွန်ခဲ့သောတစ်လကျော်ခန့်က လှိုင်သာယာစက်မှုဇုန်(၃)၊ အဆင့်မြင့်မှတ်တိုင်အနီးရှိ (ဆာကူရာ)စက်ရုံနှင့် သုံးထပ်ကြီး စက်ရုံများ၌ အခြေခံလစာနည်းပါးသဖြင့် စက်ရုံလုပ်သားများမှ ဆန္ဒပြတောင်းဆိုမှုများဖြစ်ပေါ်ခဲ့ပြီး စက်ရုံများက လစာတိုးပေးခဲ့သဖြင့် အလုပ်ရှင်အလုပ်သမားပြေလည်မှုရရှိခဲ့သည်။

ထိုကဲ့သို့ အခြားစက်ရုံများစက်ရုံလုပ်သားများ ဆနပြမှုဖြစ်ပေါ်နေစဉ်အတွင်းက Opal 2 စက်ရုံမှ နေ့ကြေး ၁၀၀ တိုးပေးခဲ့ သည်ဟု သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။