Sunday, May 19, 2013

'သေမင်းတမန်' ရထားလမ်း ပြတိုက် ပြုပြင်ခြင်းလုပ်ငန်း မစနိုင်သေး

မော်လမြိုင် (မဇ္ဈိမ)။   ။ ဒုတိယ ကမ္ဘာစစ်အတွင်းက မြန်မာနှင့် ထိုင်းနိုင်ငံ သွယ်တန်း ဖောက်လုပ်ခဲ့သည့် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ရှိ 'သေမင်းတမန်' ရထားလမ်း ပြတိုက်ပြန်လည် ပြုပြင်ရန် လုပ်ငန်းစတင်နိုင်ခြင်း မရှိသေကြောင်း တလမွန် ကုမ္ပဏီက ပြောသည်။

မြေဧရိယာ ၆ ဒဿမ ၄ ဧက ဝန်းကျင်ရှိသည့် ယင်းပြတိုက်ကို ပြုပြင်တည်ဆောက်ရန်အတွက် တလမွန် ခရီးသွားလုပ်ငန်းကုမ္ပဏီ လီမီတက်က ပြည်နယ် အစိုးရနှင့် သဘောတူညီမှု ရရှိထားခြင်း ဖြစ်သည်။

Train

(ဓာတ်ပုံ - ယဉ်စနိုင်း၊ မဇ္ဈိမ)


"ပြတိုက် ပြန်ပြုပြင်ဖို့ ကျနော်တို့ ကုမ္ပဏီကနေ ဘာမှ မလုပ်နိုင်သေးဘူး။ တလမွန်က လုပ်ခွင့် ရထားတာ
လောက်ပဲ။ ဘာမှ အကောင်အထည် မဖော်နိုင်သေးဘူး" ဟု ကုမ္ပဏီ ဒု-ဥက္ကဋ္ဌ နိုင်သောင်းကျော် က မဇ္ဈိမကို ပြောသည်။

လုပ်ငန်းစတင်နိုင်ခြင်း မရှိရသည့် အကြောင်းအရင်းနှင့်ပတ်သက်ပြီး တစုံတရာ ဖြေဆိုခြင်း မရှိခဲ့ပေ။

'သေမင်းတန်' ရထားလမ်းပြတိုက် ပြန်လည်ပြုပြင်ရန် ဆောက်လုပ်ရေးလုပ်ငန်းအပိုင်းကို စည်ပင်က တာဝန်ယူထားသည့်အတွက် မည်သို့ မည်ပုံ ဆောက်လုပ်မည်ကို စည်ပင်နှင့် ဆက်လက်ညှိနှိုင်းရသည်ဟု ကုမ္ပဏီဥက္ကဋ္ဌ နိုင်မောင်တိုး က ပြောသည်။

ပြတိုက်အဆောက်အဦးနှင့် ခေတ်မီကစားကွင်းကို ကုမ္ပဏီမှ တည်ဆောက်မည်ဖြစ်ပြီး ဆိုင်ခန်း ၅၀ ခန့်နှင့် ဟိုတယ်များ တည်ဆောက်နိုင်ရန်လည်း စီစဉ်ထားကာ ၂၀၁၃ ခုနှစ်အတွင်း အပြီးသတ် တည်ဆောက်နိုင် လိမ့်မည်ဟု တလမွန်က ခန့်မှန်းထားသည်။

ထိုရထားလမ်းမှ သံဖြူဇရပ်-ဘုရားသုံးဆူ လမ်းပိုင်းကို ပြန်လည် ဖောက်လုပ်ရန်အတွက် လေ့လာစမ်းသပ်ချက် ကို မြန်မာ့မီးရထားမှ လုပ်ဆောင်ခဲ့ပြီ ဖြစ်သော်လည်း ယခုချိန်ထိ တစုံတရာ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးကြောင်း ဒေသခံတို့က ပြောသည်။

"သေမင်းတမန်ရထားလမ်း ပြန်ဖောက်မယ်၊ ကားလမ်း ဖောက်မယ်၊ ပြတိုက် ပြန်ပြင်မယ်ဆိုတာ ကြားတော့ ကြားနေတာပဲ။ ဒါပေမယ့် လုပ်ငန်း အကောင်အထည်ဖော်တာတော့ ဘာမှ မတွေ့သေးပါဘူး။ လုပ်ဖြစ်ရင်
တော့ ကောင်းတာပေါ့" ဟု သံဖြူဇရပ် မြို့ခံတဦးက ပြောသည်။

သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ မီဒီယာများနှင့် တွေ့ဆုံစဉ်တွင်လည်းကောင်း၊ မေလ ၁၅ ရက်နေ့က ဘုရားသုံးဆူမြို့ တွင် ပြုလုပ်သည့် ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ ဆက်ဆံရေးရုံး ဖွင့်ပွဲအခမ်းအနားတွင် လည်းကောင်း သေမင်းတမန် ရထားလမ်း ဖောက်လုပ်ခြင်း၊ ရထားလမ်းနှင့် ယှဉ်ကာ ကားလမ်းဖောက်လုပ်
ခြင်းနှင့် ပတ်သက်ပြီး ပြောကြားခဲ့သည်။

သံဖြူဇရပ်မြို့မှ ဘုရားသုံးဆူ တောင်ကြားကို ဖြတ်ကာ ထိုင်းနိုင်ငံ ဘန်ပေါင် (Ban Pong) ဘူတာသို့ ၁၉၄၂ မှ ၁၉၄၅ ခုနှစ်ထိ ဖောက်လုပ်ခဲ့သည့် သေမင်းတမန် ရထားလမ်းသည် မိုင်ပေါင်း ၁၇၅ ကျော် ရှည်လျားသည်။

ဂျပန်အုပ်ချုပ်မှုအောက် ထိုရထားလမ်း ဖောက်လုပ်ရာတွင် မြန်မာနိုင်ငံသား ၈ဝ,ဝဝဝ ကျော်နှင့် အင်္ဂလိပ် အပါအဝင် မဟာမိတ် တပ်သား ၁ဝ,ဝဝဝ ကျော်တို့မှာ ငှက်ဖျားနှင့် ဝမ်းရောဂါအပါအဝင် ရောဂါဘယဒဏ် များ၊ ရာသီဥတုဒဏ်များနှင့် ဖက်ဆစ်တို့၏ နှိပ်စက်ညှဉ်းဆဲမှုဒဏ်များကြောင့် အသက် ဆုံးရှုံးခဲ့ကြရ၍ 'သေမင်းတမန်' ရထားလမ်းဟု သမိုင်းတွင်ကျန်ရစ်ခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။