Sunday, May 19, 2013

ကော့မှူးမြို့နယ်တွင် စာသင်ကျောင်းဆောင်သစ် ပထမဆုံးအကြိမ် ဒေါ်စုလှူဒါန်း

ရန်ကုန် (မဇ္ဈိမ)။       ။ ကျောင်းသားကျောင်းသူများ အဆင်ပြေစွာ ပညာသင်ကြားနိုင်ရေးအတွက် အမျိုးသား ဒီမိုကရေစီအဖွဲချုပ်၊ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က၎င်း၏ မဲဆန္ဒနယ်ဖြစ်သော ကော့မှူးမြို့နယ် အတွင်းတွင် ပထမဆုံး လှူဒါန်းထားသော လက်ခိုက်ရွာ မူလတန်းလွန်ကျောင်း ရှိ  စာသင်ကျောင်း
ဆောင်သစ်ကို မေလ ၁၆ ရက်က သွားရောက်ကြည့်ရှုခဲ့သည်။

အဆိုပါ ကျောင်းဆောင်သစ်အပြင် ကျောင်းရှိ အိမ်သာများ၊ ရေစက်များနှင့် စက်ရေတွင်းများပါ ဆောက်လုပ် တူးဖော်ပေးပြီး ကုန်ကျငွေ သိန်း ၄၀၀ ဝန်းကျင်ခန့် ကုန်ကျကြောင်း ဆောက်လုပ်ရေး တာဝန်ခံတစ်ဦး က ပြောသည်။

ယခုကဲ့သို့ စာသင်ကျောင်းဆောင်လှူဒါန်းခြင်းမှာ သူမ၏မဲဆန္ဒနယ်တွင် ပထဆုံးအကြိမ်ဖြစ်ပြီး ဒေါ်ခင်ကြည်
ဖောင်ဒေးရှင်းမှ လှူဒါန်းခြင်းလည်းဖြစ်သည်။

အဆိုပါ မူလတန်းလွန်ကျောင်း၏ အဆောက်အဦးမှာ ကျောင်းသားအင်အားနှင့်လောက်ငှမှုမရှိသောကြောင့် ၂၀၀၉ ခုနှစ်မှ စပြီး ကိုယ်ထူကိုယ်ထ ယာယီကျောင်ဆောက်ပြီး စာသင်ခဲ့ရကြောင်း လက်ခိုက်ရွာမှ ရပ်မိရပ်ဖဖြစ်သူ ဦးအေးစည်က မဇ္ဈိမ ကိုပြောသည်။

"အခက်အခဲကတော့ အခန်းမလောက်တာပေါ့။ ကျွန်တော်တို့ ဝါးကျောင်းလေးဆောက်ပြီးတော့ အောက်က ဝါးခြမ်းလေးတွေခင်းပြီးတော့သင်နေရတာပါ" ဟု သူကပြောသည်။

ယခုလာမည့်စာသင်နှစ်တွင် အဆိုပါ ကျောင်းဆောင်တွင် ကလေးများအား စာသင်ကြားနိုင်မည်ဖြစ်သော် လည်း စာသင်ခုံများ လိုအပ်နေကြောင်း ဦးအေးစည် က ပြောသည်။

"ကျောင်းမှာတော့ အခု အတိုင်းအတာဆိုတော်တော်လေးကို ပြည့်စုံသွားပါပြီ။ အခုလိုနေတာကတော့ ဖင်ထိုင်ခုံပေါ့။ ကျောင်းသားတွေစာသင်ဖို့ခုံကတော့ ဘယ်လိုလုပ်မလည်းမသိဘူး။ ခုံတွေမရှိဘူးဆိုတဲ့ အကြောင်းကိုတော့ အမေစုကို တင်ပြလိုက်နိုင်တယ်။ ပေးမယ်၊ မပေးဘူးတော့ ဆုံးဖြတ်ချက်မချသေးဘူး" ဟု သူကဆိုသည်။

ကျောင်းသား ၃၀၀ နီးပါးရှိသည့် အဆိုပါ မူလတန်းလွန်ကျောင်းတွင် ယခင်စာသင်နှစ်များက စာသင်ခဲ့ရပုံများ ကိုလည်း ထိုကျောင်းမှ ဆရာမတစ်ဦးဖြစ်သူ ဒေါ်နန်းယုလှိုင်ကလည်း မဇ္ဈိမသို့ ပြောပြသည်။

"မိုးရာသီဆို မိုးတွေကပက်ပြီး မိုးအရမ်းသည်းရင်တော့ ကလေးတွေကို အလယ်မှာစုပြီးတော့ စာမသင်ရတော့ ဘူး" ဟု ဆရာမက ပြောပြသည်။

သူကဆက်လက်၍ "အခုကတော့တော်တော် အဆင်ပြေသွားပြီ။ အရမ်းပျော်တာပေါ့။ စပြီးဆောက်ပေးမယ် လို့ကြားထဲက အရမ်းပျော်တာ။ အခုမှ ကလေးတွေလည်း အဆင်ပြေသွားမှာလေ" ဟု ဆရာမ ဒေါ်နန်းယုလှိုင် က ဝမ်းသာအားရဖြင့်ပြော သည်။

ဒေါ်အောင်ဆန်းစုကြည်၏ မေလ ၁၆ ရက် ကော့မှူးခရီးစဉ်တွင် အဆိုပါ စာသင်ဆောင်သစ်ကို သွားကြည့်ခဲ့
ခြင်းအပြင် ကော့မှူးမြို့နယ်တွင် ရွေ့လျားစာကြည့်တိုက် ထားရှိပေးရန်လည်း မြို့နယ် ပြန်/ ဆက်နှင့်လည်း
ဆွေးနွေးခဲ့သည်။

မိခင် ဒေါ်ခင်ကြည်၏ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းကို ဒေါ်အောင်ဆန်းစုကြည် က ၂၀၁၂ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့က ထူထောင်ခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။