Tuesday, June 5, 2012

လှိုင်သာယာအလုပ်သမားဆန္ဒပြမှုများမှ စက်ရုံ(၁၅)၀န်းကျင် ပြေလည်မှုမရှိသေး

ရှုမ၀အောင်(မြစ်မခ)
by Myit Makha Mediagroup on 5 Jun, 2012

လှိုင်သာယာစက်ရုံများတွင် အလုပ်သမားဆန္ဒပြမှုများမှာ (၁)လနီးပါးကြာမြင့်ခဲ့ပြီဖြစ်သော်လည်း စက်ရုံ(၁၅)ရုံဝန်းကျင်မှာ ယခုတိုင် ပြေလည်မှုမရရှိသေးကြောင်း သိရသည်။

အဆိုပါ ဆန္ဒပြမှုများပြေလည်နိုင်ရန် အလုပ်သမားဝန်ကြီးဌာန ဒု-၀န်ကြီး ဦးမြင့်သိန်း၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးညွှန်ကြားရေမှူးချုပ် ဦးဝင်းရှိန်၊ အလုပ်သမားညွှန် ကြားရေးဦးစီးဌာန ညွှန်ကြားချုပ်ဦးမျိုးအောင် နှင့် (၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးတို့မှညှိုနှိုင်းဖြေရှင်းပေးသော်လည်း    ပြေလည်မှုမရရှိခဲ့ခြင်း ဖြစ်သည်။

 “အချင်းချင်းညှိုနှိုင်းရန်အရေးကြီးတယ်။ ဟန်ချက်မပျက်သွားစေချင်ဘူး။ ကိုယ့်အထုတ်ကိုယ်ဖြည်သလို ဖြစ်ရင်မကောင်းဘူး။”ဟု အလုပ်သမားဝန်ကြီးဌာန ဒု-၀န်ကြီး ဦးမြင့်သိန်းကပြောသည်။

လက်ရှိအချိန်အထိ ပြေလည်မှုရရှိသွားသော လှိုင်သာယာစက်ရုံများမှာ UNNO Myanmar Yes, စံပယ်ပွင့်၊ ပုလဲ၊ Global Footwear၊ နေမင်းအောင်၊ YJ၊ MO-Z၊Lucky Shoes၊ Asia Roseနှင့် Hall Markစက်ရုံများဖြစ်ပြီး၊ ရွေပြည်သာမှ Grand Royal၊မြောင်းတကာ သံမဏိစက်ရုံတို့ဖြစ်ကြောင်း သိရှိရသည်။

အလုပ်သမားများတောင်းဆိုသော အခြေခံလစာကို တတ်နိုင်သလောက်ညှိုနှိုင်းပေးရန် သံမဏိစက်ရုံကဲ့သို့ အလုပ်ရှင်အလုပ် သမားညှိုနှိုင်းအဆင်ပြေမှုရရှိစေလိုကြောင်း အလုပ်သမားဝန်ကြီးဌာန ဒုဝန်ကြီး ဦးမြင့်သိန်းက ရှင်းပြသည်။

၁၉၉၄ ခုနှစ်တွင် အထည်ချုပ်လုပ်ငန်းများ စတင်လုပ်ကိုင်ခဲ့ပြီး အထည်ချုပ်စက်ရုံ ၆၅ ရုံ၊ ၁၉၉၉ ခုနှစ်တွင် အလုပ်ရုံ ၃၀၀ ကျော် တိုးတက်လာခဲ့သည်။ အလုပ်သမား နှစ်သိန်းခွဲခန့် အလုပ်အကိုင်အခွင့်အလမ်း ပေးနိုင် ခဲ့ကြောင်းလည်း သိရသည်။

၂၀၀၃ ခုနှစ်တွင်မူ လုပ်ငန်းများပြန်လည်ကျဆင်းလာ၍ ရှစ်သောင်းခွဲခန့်အလုပ်လက်မဲ့ဖြစ်ခဲ့ပြီး လျော်ကြေး ပေးကာ အလုပ်ထွက် ခဲ့ရခြင်းဖြစ်ကြောင်း အထည်ချုပ်လုပ်ငန်း ဥက္ကဌ ဦးမြင့်စိုးက ဆိုသည်။

အလုပ်သင်ဝန်ထမ်းတစ်ယောက်အား တစ်ရက်လုပ်ခ တစ်ထောင်ကျပ် ရှိမည်ဖြစ်ကြောင်း ဦးမြင့်စိုးက ဆက်ပြောသည်။

စက်ချုပ်အလုပ်သင်တယောက်အနေနဲ့ တစ်လလျှင် လုပ်အားခ ခြောက်သောင်းခြောက်ထောင်ငါးရာနှင့် အလယ်လတ်တန်းစား လူတယောက်အနေနဲ့ စက်ချုပ်အလုပ်သင်တယောက်အနေနဲ့ တစ်လလျှင် လုပ်အားခခြောက်သောင်းခြောက်ထောင့်    ငါးရာနှင့် အလယ်လတ်တန်းစား လူတယောက်အနေနဲ့ ခုနှစ်သောင်းသုံးထောင် ရရှိမည်ဖြစ်ကြောင်း အထည်ချုပ်ဥက္ကဌက ညှိုနှိုင်းဆွေးနွေး ခဲ့သည်။

“ကျမတို့ ဒီလုပ်ခနဲ့ အဆင်မပြေပါဘူး။ အရင်တုန်းက အချိန်ပိုးကြေးမရှိတာတောင် လေးသောင်းရှစ်ထောင် ရပါတယ်။ အခု အချိန်ပိုကြေးမပါရင် နှစ်သောင်းခုနှစ်ထောင်ရတယ်ဆိုတော့ အဆင်မပြေပါဘူး။” တိုင်ရီဖိနပ် စက်ရုံက မမိုးဝေကပြောသည်။

 အဆိုပါညှိုနှိုင်းမှုသည် မနေ့က ဇွန်လ(၄) ရက်နေ့ထိ ပြေလည်မှုမရရှိခဲ့သဖြင့် ဆက်လက်ညှိုနှိုင်း ဖြေရှင်း မည်ဖြစ်ကြောင်း သိရှိရသည်။ လှိုင်သာယာစက်မှုဇုံရှိ စက်ရုံ(၁၅)ရုံခန့်မှာ လက်ရှိအချိန်အထိ ပြေလည်မှု မရှိသေးကြောင်းကိုလည်း သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။