Wednesday, May 30, 2012

KNUနှင့် ငြိမ်းချမ်းရေးပထမခြေလှမ်းအနေဖြင့် IDP (၃၀)ကျော်အား ယာယီမှတ်ပုံတင်ကဒ်ထုတ်ပေး

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့ရှိ ကေအင်န်ယူ(KNU)ဆက်ဆံရေးရုံးတွင် ငြိမ်းချမ်းရေးဖော်ဆောင် ရေးအတွက် ပထမဦး ဆုံးခြေလှမ်းအနေဖြင့် ကရင်လူမျိုးများအား ဌာနေမဲ့နေသူများ(IDP)အား ယာယီ မှတ်ပုံတင်ကဒ် ထုတ်ပေးခဲ့ကြောင်း သိရှိရသည်။

 
မြန်မာနိုင်ငံအတွင်း လွတ်လပ်စွာလှုပ်ရှားသွားလာခွင့်၊ လုပ်ကိုင်စားသောက်ခွင့် ရရှိစေရန်ရည်ရွယ်၍ ကရင်တိုင်းရင်းသားဌာနေမဲ့သူ (၃၀)ကျော်အား ကနဦး ယာယီမှတ်ပုံတင်ကဒ် ချထားပေးခြင်းဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးဝန်ကြီးမှ ပြောကြားခဲ့သည်။
 
“မှတ်ပုံတင်ကဒ်ပြားထုတ်ပေးရခြင်းက ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေး အပြည့်အ၀ရတယ် Freedom of movement ပေါ့၊ ဒီကဒ်ပြားကို ကိုင်ဆောင်ပြီးရင် တိုင်းရင်းသားညီအကိုတွေ ဘယ်နေရာကိုပဲသွားသွား လွတ်လပ်စွာ သွားပိုင်ခွင့်ရတယ်” ဟု လူဝင်မှုကြီးကြပ်ဝန်ကြီး ဦးခင်ရီကပြောသည်။
 
မေလ(၂၈)ရက်နေ့က အဆိုပါရုံးသို့ နော်ဝေးနိုင်ငံ မြန်မာနိုင်ငံရေးရာသံအမတ်၊ လူဝင်မှုကြီးကြပ်ရေး ၀န်ကြီး ဦးခင်ရီနှင့် ကရင်ငြိမ်းချမ်းရေးဖော်ဆောင်ရေးအတွင်းရေးမှူး ဗိုလ်မှူးကြီးထူးထူးလေးတို့ တွေ့ဆုံကာ ကဒ်ပြား ပေးအပ်ခဲ့ခြင်းဖြစ်သည်။
 
ကရင်လူမျိုး IDP (ဌာနေမဲ့)များသည် ယာယီမှတ်ပုံတင်ကဒ်ပြားဖြင့် Passport (နိုင်ငံကူးလက်မှတ်) လျှောက် ထားနိုင်ကြောင်းကိုလည်း သိရသည်။
 
“Passport လျှောက်ထားနိုင်တယ်။ ဒါဟာလဲ ငြိမ်းချမ်းရေးအတွက် ကနဦးအစ ခံစားရတဲ့ အခွင့်အရေးလို့ ပြောလို့ရပါတယ်။ “ဟု ၀န်ကြီး ဦးခင်ရီက ဆက်ပြောသည်။
 
ကရင်တိုင်းရင်းသားများသည် ယာယီမှတ်ပုံတင်ကဒ်ပြား ရရှိပြီဖြစ်သော်လည်း ဘ၀လုံခြုံမှုနှင့် လွတ်လပ်စွာ နေထိုင်စားသောက်ခွင့် ရရှိရန် လိုအပ်နေသေးကြောင်းကိုလည်း သိရသည်။
 
“ကျွန်တော်တို့ အရင်ကဆိုရင် ဟိုးတောင်ပေါ်ကနေတောင် တောင်အောက်ကို မဆင်းရဘူး၊ ဆင်းရင်လဲ ပုန်းလျှိုပြီး ဆင်းရတာ အခု IDP ယာယီမှတ်ပုံတင်ကဒ်ပြားရပြီဆိုတော့ ပျော်တာပေါ့ လွတ်လွတ် လပ်လပ် သွားလာလို့ရပြီထင်တာပဲ၊ ဘ၀လုံခြုံမှုတို့ လွတ်လပ် စွာ နေထိုင်စားသောက်ခွင့်တော့ လိုချင်တယ် ရမယ်လို့လဲထင်တယ် စောင့်ကြည့်ရမှာပေါ့” ဟု ကျောက်ကြီးမြို့ တောင်ငယ်တဲရွာမှ ကရင်တိုင်းရင်းသား စောဂျိုးဖြူက ပြောသည်။
 
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်တွင် တကော်တဲ ၊ လယ်ထောလူ ၊ တောင်ငယ်တဲ ၊ ဟော်ထာ အပါအ၀င် ကျေးရွာပေါင်း (၁၁)ရွာရှိပြီး လူဦးရေ ၁၆၀၀( တစ်ထောင့်ခြောက်ရာ) ကျော်နေထိုင်ပြီး၊ ကရင်တိုင်းရင်းသား အများစုမှာ တောင်ယာလုပ်ငန်းကို လုပ်ကိုင်စားသောက်နေကြောင်း သိရှိရသည်။
 
၂၀၁၂ခုနှစ် မေလ(၂၈)ရက်နေ့တွင် ပြုလုပ်သော IDPများအား ယာယီမှတ်ပုံတင်ကဒ်ပြား ထုတ်ပေးခြင်းကို နေ့လည် (၂)နာရီ ၀န်းကျင်  တွင်ကျင်းပခဲ့ပြီး ကရင်တိုင်းရင်းသား/သူ (၃၈) ဦးခန့်အား ကနဦး ထုတ်ပေးခဲ့ပြီး ကျန်ရှိနေသူများကိုလည်း ဆက်လက် ထုတ်ပေးရန် အစီအစဉ်ရှိကြောင်း  သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။