Thursday, May 24, 2012

 အလုပ်သမားများ၏ ဥပဒေရေးရာကိစ္စများအား အမျိုးသားဒီမိုကရေစီပါတီသစ်မှ ကူညီပေးမည်

အလုပ်သမားများ၏ ရပိုင်ခွင့်နှင့်ပတ်သက်ပြီး ဥပဒေကြောင်းအရ ဖြေရှင်းနိုင်ရန် အကူအညီ တောင်းခံလာပါက အမျိုးသားဒီမိုကရေစီပါတီသစ်အနေဖြင့် လုပ်သားများဘက်မှ ရပ်တည်ပြီး ဥပဒေရေးရာကိစ္စများအား ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါပါတီမှ သတင်း ရရှိပါသည်။

ယင်းနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီပါတီသစ်မှ ဆန္ဒပြလုပ်သားများနှင့် ပတ်သက်၍ မေလ ၂၁ ရက်နေ့က သဘောထား ကြေညာချက် ထုတ်ပြန်ရာတွင် ထည့်သွင်းကြေညာခဲ့ခြင်း ဖြစ်သည်။ ''အလုပ်သမားတွေ ဘက်ကနေ အကူအညီ တောင်းခံလာရင် ကျွန်တော်တို့ဘက်က အခမဲ့ ကူညီပေးသွားမှာပါ''ဟု အမျိုးသားဒီမိုကရေစီပါတီသစ်မှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

အဆိုပါ ကြေညာချက်တွင် ယခုနှစ်ဧပြီလမှ စတင်ဖြစ်ပွားခဲ့သည့် ပြည်တွင်း စက်မှုဇုန်များရှိ စက်ရုံအချို့တွင် ပြည်တွင်း၊ ပြည်ပမှ လုပ်ငန်းရှင်များအပေါ် ခေတ်ကာလနှင့် လိုက်လျောညီထွေမှုမရှိသည့် လုပ်ခလစာနှုန်းထား၊ တင်းကျပ်သည့် လုပ်ငန်းခွင် စည်းမျဉ်းစည်းကမ်းများ၊ လုပ် ငန်းခွင်အတွင်း လိုအပ်ချက်များနှင့် စပ်လျဉ်း၍ အလုပ်သမားများမှ တောင်းဆိုဆန္ဒပြကြသည့် ကိစ္စရပ်များအား အမျိုးသားဒီမိုကရေစီပါတီသစ်မှ မျက်ခြည်မပြတ် လေ့လာစောင့်ကြည့်လျက်ရှိပါကြောင်း၊ ပေးဆပ်ခဲ့ရသည့် အချိန်၊ ခွန်အားများနှင့် ထိုက်တန်မှုမရှိသည့် လုပ်ခလစာ ရရှိမှုများအပေါ်တွင် ရသင့်ရထိုက်သည့် အခွင့်အရေးရရှိနိုင်ရန် တောင်းဆိုတိုက်ပွဲဝင်နေသော မြန်မာ လုပ်သားများအား စာနာမိပါကြောင်း၊ လုပ်သားများ တောင်းဆိုသည့် အခွင့်အရေးများ လျင်မြန်စွာ ရရှိနိုင်ရေးကိုလည်း ဆန္ဒပြုလိုက်ပါကြောင်း စသည်ဖြင့် ထည့်သွင်းဖော်ပြခဲ့သည်။

၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် တရုတ်ထိုင်ဝမ် တိုင်ရီဖိနပ်စက်ရုံမှ လုပ်သား ၁၈၆၃ ဦးသည် တရုတ်နှစ်ကူးပိတ်ရက် လုပ်ခမပေးသည့်ကိစ္စမှစတင်ကာ အခြေခံလစာ၊ အခြားသော အလုပ်သမား အခွင့်အရေးများနှင့် ပတ်သက်၍ တောင်းဆိုမှုများ စတင်ဖြစ်ပေါ်ခဲ့ပြီးနောက် ပိုင်းတွင် မေလအတွင်း၌ အလုပ်သမား ဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ အထည်ချုပ်စက်ရုံအများစု ပိုင်ဆိုင်သူများမှာ တရုတ်၊ မလေးရှား၊ ဂျပန်နှင့် ကိုရီးယားလူမျိုးများ ဖြစ်ပြီး တရုတ်နှင့်ကိုရီးယားလူမျိုး ပိုင်ဆိုင်သည့်စက်ရုံများမှ အလုပ်သမားဆန္ဒပြမှုများ အများဆုံး ဖြစ်ပွားခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။