Monday, April 30, 2012

ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရာတွင် သာမန်ပြည်သူများအတွက် လိုအပ်ချက်များကို ဦးစားပေး ဆွေးနွေးခဲ့သည်ဟု ဂျာမန်နိုင်ငံခြားရေးဝန်ကြီးပြောကြား


dsgermany
ဂျာမနီနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Guido Westerwelle က ဧပြီလ ၂၉ ရက်နေ့ ညနေပိုင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ၄င်း၏နေအိမ်၌ တွေ့ဆုံခဲ့ရာတွင် သာမန်မြန်မာပြည်သူများအတွက် လိုအပ်ချက်များကို ဦးစားပေးဆွေးနွေးခဲ့သည်ဟု ပြောကြားခဲ့သည်။

"သာမန်ပြည်သူလူထုအတွက် အဓိကကျတဲ့လိုအပ်ချက်တွေ အကြောင်းကို ဆွေးနွေးခဲ့ပါတယ်။ ဒီအပိုင်းက ကျွန်တော်တို့ စိတ်ဝင်စားမှု အရှိဆုံးအပိုင်းပါ။ အသက်မွေးမှုပညာဆိုင်ရာ သင်တန်းတွေပေးဖို့ကိစ္စလည်း ဆွေးနွေးခဲ့ပါတယ်။ ကျွန်တော်တို့ ဂျာမနီနိုင်ငံဟာ သက်မွေးမှုပညာဆိုင်ရာ သင်တန်းပေးရာမှာ အတွေ့အကြုံကောင်းတွေရှိပြီး ဖြစ်ပါတယ်" ဟု ၄င်းက Eleven Media ၏မေးမြန်းချက်ကို ဖြေကြားသွားခဲ့သည်။

မစ္စတာ Guido Westerwelle သည် ပြီးခဲ့သည့် ၂၅ နှစ်အတွင်း မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်ခဲ့သော ဂျာမနီ နိုင်ငံခြားရေးဝန်ကြီးဖြစ်ပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ဂျာမနီနိုင်ငံ၏ ကူညီထောက်ပံ့ရေးဝန်ကြီး မြန်မာနိုင်ငံသို့လာရောက်ခဲ့သည်။

မစ္စတာ Guido Westerwelle က ၄င်းတို့ ဂျာမနီနိုင်ငံသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို ကူညီပေးရန်၊ နိုင်ငံနှင့် နိုင်ငံသားတို့၏ ဒီမိုကရေစီလမ်းကြောင်းပေါ်ရှိ ပြုပြင်ပြောင်းလဲမှုများကို ထောက်ပံ့ပေးရန်၊ ရေရှည်တည်တံ့သည့် ပြုပြင်ပြောင်းလဲမှုများကို ကူညီရန် မြန်မာနိုင်ငံသို့ ရောက်ရှိနေခြင်းဖြစ်ကြောင်း ၄င်း၏မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားခဲ့သည်။

၎င်းက ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးရာတွင် အခွင့်ထူးမခံရသော သာမန်ပြည်သူတို့၏ ပညာရေး၊ သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီးသုံးစွဲနိုင်ရေး၊ အခြေခံအဆောက်အဦရရှိရေး၊ ကျန်းမာရေးစောင့်ရှောက်မှု ရရှိရေးစသည့်ကိစ္စများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်ဟု ပြောကြားခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။